Aye Aye Thinn (Archaeology) (15.3.2025)
ထိုင်းနိုင်ငံ၏ သက်တမ်းအစောဆုံးလူရိုးစု တူးဖော်တွေ့ရှိ
Aye Aye Thinn (Arcaheology)
လွန်ခဲ့သောနှစ်ပေါင်း ၂၉၀၀၀ ကျော်ခန့်သက်တမ်းရှိ အရိုးစုကို ထိုင်းနိုင်ငံတောင်ပိုင်း ခေါင်ဆမ်ရွားယော့ အမျိုးသားဥယျာဉ် (Khao Sam Roi Yot National Park)ရှိ ‘ဒင်’ လှိုဏ်ဂူမှ တူးဖော်ရရှိခဲ့သည်။ အရိုးစုသည် အသက် ခြောက်နှစ်နှင့် ရှစ်နှစ်အကြားရှိ ကလေးတစ်ဦး၏ အရိုးစုဖြစ်သည်ဟု ခန့်မှန်းကြသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ၏ နံမည်ကျော်ကြားသော ကာတွန်းဇာတ်ဆောင် "Pangpond" အမည်ကိုယူ၍ အရိုးစုကို နံမည်ပေးခဲ့ကြသည်။
‘ဒင်’ လှိုဏ်ဂူသည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၂၅ မီတာအမြင့်တွင် တည်ရှိသည်။ ၁၉၉၆ ခုနှစ်က ‘ဒင်’ လိုဏ်ဂူအတွင်းတွင် နံရံဆေးရေးပန်းချီများ ရှာဖွေ တွေ့ရှိခဲ့သည်။ နံရံဆေးရေးပန်းချီများသည် အနီရောင်ဖြစ်ပြီး လူပုံနှင့် တိရစ္ထာန်ပုံများကို ရေးဆွဲထားသည်။ ယခုတွေ့ရှိရသည့် လူရိုးစုကို ထိုင်းနိုင်ငံ၊ Fine Arts Department ၏ ဒေသဆိုင်ရာအဖွဲ့-၁ က ‘ဒင်’ လှိုဏ်ဂူ၏ ဂူနံပါတ် (၃) မှ တူးဖော်ရရှိခဲ့ခြင်းဖြစ်သည်။
"Pangpond" အရိုးစုသည် အနောက်တောင်ဘက်သို့ ဦးခေါင်းလှည့်ထားပြီး ပက်လက် အနေအထား မြုပ်နှံထားသည်။ အရိုးစု၏ပတ်လည်တွင် ကျောက်တုံးများနှင့် ဝိုင်းပတ် ထားသဖြင့် သေသူကို အလေးဂရုပြုမှု၊ အသိအမှတ်ပြုမှုကို တွေ့ရှိရသည်။ ထို့အပြင် အရိုးစု၏ နံရိုးများအနေအထားနှင့် ခြေမခြင်းပူးကပ်နေမှုတို့ကြောင့် သေဆုံးပြီးနောက် တစ်စုံတစ်ခုဖြင့် ရစ်ပတ်ပြီးမှ မြုပ်နှံခဲ့ကြောင်း ခန့်မှန်းနိုင်သည်။
ဂူအတွင်းမှ အပေါ်ယံမြေလွှာရှိ မီးသွေးနမူနာများနှင့် ခရုခွံများကို အမေရိကန်နိုင်ငံ BETA ANALYTIC Inc.တွင် ရေဒီယိုကာဘွန် ဓာတ်ခွဲစမ်းသပ်မှုအရ လွန်ခဲ့သော နှစ်ပေါင်း ၁၁၀၀၀ မှ ၂၉၀၀၀ သက်တမ်းရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ယခုတွေ့ရှိရသော အရိုးစုသည် အဆိုပါ အပေါ်ယံမြေလွှာ၏ အောက်မှတူးဖော်ရရှိခဲ့ခြင်းကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂၉၀၀၀ သက်တမ်းထက် ပိုစောမည်ဖြစ်သည်။
‘ဒင်’ လိုဏ်ဂူတွင် ရှေးဦးလူသားများသည် နောက်ဆုံးရေခဲခေတ် ( late Pleistocene Period)တွင် အမဲလိုက်-ရှာဖွေစားသောက်ရသည့် လှည့်လည်သွားလာရသော လူ့အဖွဲ့အစည်း ဘဝ (hunter-gatherer communities)မှ ရေခဲခေတ်လွန် (Holocene Period)တွင် စိုက်ပျိုးရေးဆောင်ရွက်သည့် အခြေချနေထိုင်သော လူ့အဖွဲ့အစည်းဘဝ (farming communities) အထိ စဉ်ဆက်မပြတ် နေထိုင်ခန့်ဟန်တူကြောင်းကို အပေါ်ယံမြေလွှာမှ အိုးခြမ်းကွဲ အပိုင်းအစများနှင့် ကျောက်ချောလက်နက်များကို တွေ့ရှိရသဖြင့် ကောက်ချက်ချနိုင်သည်။
"Pangpond" ကလေးအရိုးစုကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် late Pleistocene Period တွင် အရှေ့တောင်အာရှဒေသနှင့် မလေးကျွန်းဆွယ်တို့ တစ်ဆက်တည်း တည်ရှိခဲ့သည့် ကုန်းမြေ (Sundaland)ကြောင့် ဒေသတွင်း ဆင့်ကဲပြောင်းလဲမှုများ ပြန့်နှံ့ခဲ့မှုကို ပိုမို လေ့လာနိုင်ကြမည် ဖြစ်သည်။
(Ref: -Thai PBS World Feature Desk, 25 Feb 2025,
(https://world.thaipbs.or.th/detail/ancient-child-skeleton-nicknamed-pangpond-unearthed-in-thailand-rewriting-prehistory/56641)
- Kristina Killgrove , March 7, 2025, Live Science
(https://www.livescience.com/archaeology/29-000-year-old-remains-of-child-unearthed-in-thailand-cave-with-symbols-of-blood-and-power?)



No comments:
Post a Comment